Monday, July 22, 2013

◘◘◘ လ၀ါဆိုနှင့်ဓမ္မစကြာ ◘◘◘


 
ဝါဆိုလပြည့်နေ့ သာသနာတော်နှစ် (၂၅၅၃)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ၀ါဆိုလပြည့်နေ့၊ ခရစ်နှစ် (၆.၇.၂၀၀၉)ခုနှစ်၊ တနင်္လာနေ့သည် ဗုဒ္ဓမြတ်စွာ ဘုရားရှင် တရားဦး ဓမ္မင်္ကြာ ဟောကြားသည့်နေ့၊ သန္ဓေယူ သည့်နေ့၊ တောထွက်တော် မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ထိုနေ့ကို ရှေးပညာ ရှိတို့က “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဟု ဖွဲ့ဆိုခဲ့ ကြပါတယ်။ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သစ္စာလေးပါးကို ပိုင်းခြား ထင်ထင်သိမြင်ပြီး သဗ္ဗညုတဉာဏ်ပိုင်ရှင် အဖြစ်သို့ရောက် ရှိတော်မူခဲ့ပါတယ်။ ထို့နှစ်ဝါဆိုလပြည့် (စနေနေ့) တွင် ဗာရာဏသီပြည် မိဂဒါ ၀ုန်တောမှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ မြတ်ဗုဒ္ဓဘုရား အဖြစ်သို့ ရောက်ပြီးနောက် အဦးဆုံး (အရင်ဆုံး) ဟောကြားခဲ့တဲ့ တရားတော်ဟာ ဓမ္မစက္ကပ၀တ္တန သုတ်တော် ဖြစ်ပါတယ်။ ဒါကြောင့်တရားဦး “ဓမ္မစကြာ” လို့ခေါ်ဝေါ် ခဲ့ပါတယ်။

ဝါဆိုလ ပြည့်နေ့ဟာ ဘုရားရှင်နဲ့ ပတ်သတ်ပြီး ထူးမြတ်တဲ့ အကြောင်းအရာ (၃)မျိုး တိုက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” ဆိုတဲ့ ရှေးပညာရှင် တို့၏ လင်္ကာအရ…

(၁) ဘုရားလောင်း သေတကေတု နတ်သားဟာ စုတေပြီး မဟာသက္ကရာဇ် (၆၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့မှာ မယ်တော်မာယာဒေ၀ီ၏ ၀မ်းမှာ ပဋိသန္ဓေ တည်နေတော်မူ ခဲ့ပါတယ်။

(၂) ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ သက်တော်(၂၉)နှစ်မှာ အခြံအရံများ ခြံရံလျှက် မင်းဥယျာဉ်တော်သို့ ထွက်တော်မူစဉ် နတ်တို့ ဖန်ဆင်းပြသတဲ့ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးကို မြင်တော်မူပြီး သံဝေဂရ ကာ မဟာသက္ကရာဇ် (၉၇)ခုနှစ်၊ ၀ါဆိုလပြည့်၊ တနလာင်္နေ့မှာ တောထွက် တော်မူခဲ့ပါတယ်။

(၃) ဘုရားအဖြစ်သို့ ရောက်တော်မူပြီး မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့မှာ တရားဦး ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ဟောကြားတော် မူခဲ့ပါတယ်။
 
“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။


ယခုကဲ့သို့ နေ့ထူးနေ့မြတ် အခါသမယမှာ ဘုရာရှင် ပထမဆုံး ဟောကြားခဲ့တဲ့ ဓမ္မစင်္ကြာ ဒေသနာတော်ကို နာယူကြည်ညို ကြပါရန် ကောင်းမြတ်သော စိတ်ထားဖြင့် တိုက်တွန်းလိုက် ရပါတယ်။ စာဖတ်သူ များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင် ကြပါစေ…

No comments:

Post a Comment